International News

အိန္ဒိယနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အဓိပ္ပါယ်ဖွင့်ဆို ချက်အား ပြင်ဆင်ခဲ့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လုပ်ငန်းများထိခိုက်မှုနှင့် ကြုံတွေ့နေရသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သို့ အစိုးရမှ အထောက်အပံ့များပေးအပ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharaman က ၁၃.၅.၂၀၂၀ နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး MSMEs စီးပွားရေး လုပ်ငန်းများ၏ အဓိပ္ပါယ်ဖွင့်ဆို ချက်ကိုလည်း ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီး၏ ပြောကြားချက်အရ ယခင်က MSMEs များအား ရင်းနှီးမြှုပ်နှံမှုပမာဏအပေါ်တွင်သာ အခြေခံ၍ ခွဲခြားသတ်မှတ်ခဲ့သော်လည်း ယခု အဓိပ္ပါယ် ဖွင့်ဆိုချက်ပြင်ဆင်ရာတွင်  လုပ်ငန်းလည်ပတ်လုပ်ကိုင်မှု တန်ဖိုးပမာဏကိုပါ ထည့်သွင်းထားကြောင်း၊ ထို့အပြင် ယခင်က MSMEs လုပ်ငန်းများ၌ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့ကို ကဏ္ဍသီးခြားစီ ခွဲခြားထားခဲ့သော်လည်း ယခုလုပ်ငန်းအားလုံးကို တစ်ပြေးညီစဉ်းစား သတ်မှတ်ထားရှိကြောင်း၊ ယခုပြင်ဆင်ချက်က MSMEs များအနေဖြင့် ၎င်းတို့ခံစားရရှိနိုင်မည့် သက်သာခွင့်များအား ဆုံးရှုံးမည်ကို စိုးရိမ်ရန်မလိုပဲ  လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်သည့် အခြေအနေကို ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သော MSMEs လုပ်ငန်းများ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အသေးစား (Micro units) လုပ်ငန်းများ ခေါင်းစဉ်အောက်တွင် ယခင်က ရင်းနှီး မြှုပ်နှံမှု ပမာဏအားဖြင့် ရူပီးငွေ ၂၅ သိန်းအောက်ရှိသော ကုန်ထုတ်လုပ်ငန်းများနှင့် ရူပီးငွေ ၁၀ သိန်းအောက် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ခဲ့ရာမှ ယခုအခါ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ရူပီးငွေ ၁၀ သိန်းအောက်နှင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုပမာဏ ရူပီးငွေသိန်း ၅၀ အောက်ရှိသော ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်လာကြသည်။

အလားတူအငယ်စား (Small units) လုပ်ငန်းများ ခေါင်းစဉ်အောက်၌ ရင်းနှီးမြှုပ်နှံမှုပမာဏအားဖြင့် ရူပီးငွေသိန်း ၅၀ နှင့် သိန်း ၂၀ အောက် အသီးသီးရှိခဲ့သော ကုန်ထုတ် လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအစား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီးငွေသိန်း ၁၀၀ အောက်နှင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုပမာဏ ရူပီးငွေသိန်း ၅၀၀ အောက်ရှိသော စီးပွားရေးလုပ်ငန်းများ ပါဝင်လာကြောင်း၊ အလတ်စား (Medium units) လုပ်ငန်းများ ခေါင်းစဉ်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီးငွေသိန်း ၁၀၀ နှင့် သိန်း ၅၀ အောက် အသီးသီး ရှိခဲ့သော ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ထားရှိသတ်မှတ်ခဲ့ရာမှ ယခုအခါရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီးငွေသိန်း ၂၀၀ အောက်နှင့် လုပ်ငန်း လည်ပတ် လုပ်ကိုင်မှုပမာဏ ရူပီးငွေသိန်း ၁၀၀၀ အောက်ရှိသော စီးပွားရေးလုပ်ငန်းများအထိ ပါဝင်သတ်မှတ်လိုက်ကြောင်း တွေ့ရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုအား ကုစားရန်အတွက် ရူပီးငွေ ၂၀ ထရီလီယံရှိသော ကူညီထောက်ပံ့ရေး အစီအမံများ ပေးအပ်မည်ဟု အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ၎င်းအနက်မှ ရူပီးငွေ ၃ ထရီလီယံကို MSMEs များသို့ ထုတ်ချေးပေးမည်ဖြစ်ရာ ယခုပြောင်းလဲပြင်ဆင်လိုက်သော အဓိပ္ပါယ်ဖွင့်ဆိုချက်အသစ်အရ ဤအခွင့်အရေးကို လုပ်ငန်းနယ်ပယ်အသီးသီးမှ ပိုမိုကျယ်ပြန့်စွာရယူနိုင်မည်ဖြစ်ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Finance Minister announces revised MSME definitions, 13 May 2020, Economic Times

 

Category: International News